ဖျာပုံမြို့နယ် ရှမ်းကွင်းစံပြကျေးရွာ၌ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဖျာပုံ ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာကျေးရွာအုပ်စု၊ ရှမ်းကွင်း စံပြကျေးရွာတွင် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ ရတနာသိင်္ဂီဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဖျာပုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လတ်လတ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းယုက အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။

ထို့နောက် စက်မှုအထက်တန်းကျောင်းမှ စက်မှုအင်ဂျင်နီယာဌာနမှူး ဦးလှအေးက သင်တန်းသားများအား သင်တန်းနှင့်ပတ်သက်သည်များအား အသေးစိတ် ရှင်းလင်းပြောကြားပြီး၊ အဆိုပါအခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို ဇူလိုင်လ(၁၅)ရက်နေ့မှ သြဂုတ်လ (၁၈) ရက်နေ့အထိ တစ်လကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မွမ်းမံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို သြဂုတ်လ(၂၁)ရက်နေ့မှစတင်၍ စက်တင်ဘာလ(၄)ရက်နေ့အထိ ထပ်မံ သင်ကြားဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်