ငါးသိုင်းချောင်း ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀) နှင့် အထက် ဘိုးဘွားများအားကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက် (၈) နာရီ အချိန်က်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၏ဦးဆောင်မှုဖြင့် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန်ဒေါက်တာ သန့်ဇော်ထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများက အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြပြီးမြို့မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်နှင်းဝေလွင်နှင့် အလှူရှင်များ မှအလှူငွေများနှင့် အာဟာရများကျွေးမွေးလှူဒါန်းခဲ့ကြသည်။
ငါးသိုင်းချောင်းမြို့တွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက် (၇၀) နှစ် နှင့်အထက်အဘိုးအဘွားများအား ကျန်းမာရေးပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး ယနေ့တွင်အဘိုးအဘွား (၁၄၀) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကာ ယခုဆိုလျင် (၁၀၂) ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်းသိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)