ထားဝယ်မြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ကို အထိမ်းအမှတ် ဗိုလ်ချုပ်ပုံတူဆွဲပြိုင်ပွဲ၊ အသိပညာပေးပြပွဲများကျင်းပ

ထားဝယ် ဇူလိုင် ၁၆

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်( ၇၈) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဗိုလ်ချုပ်ပုံတူဆွဲပြိုင်ပွဲ၊ အသိပညာပေးနံရံကပ်ပြဘုတ်များနှင့် စာအုပ်စာစောင်များပြပွဲများကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ကျောင်းသား/ ကျောင်းသူများ မျိုးချစ်စိတ်ဓါတ်နှင့် နိုင်ငံချစ်စိတ်ဓါတ်များထက်သန်စေရန်၊ မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိစေရန်အတွက် အသက်ကို ပဓာနမထားပဲ စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားမြတ်နိုးတန်ဖိုးထားတတ်ရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကြောင်းကို အကျဉ်းချုပ်ရှင်းလင်းပြောကြားသည်။

ထို့နောက် အခြေခံပညာကျောင်းပေါင်းစုံမှ မူလတန်းအဆင့်ကျောင်းသား/သူများက ဗိုလ်ချုပ်ပုံတွဲကို ပါဝင်ယှဉ်ပြိုင်ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဆရာမများက ကြည့်ရှုအားပေးပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကာ ပြိုင်ပွဲဝင်ကျောင်းသား/သူများအား ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထားဝယ်ခရိုင်(ပြန်ဆက်)