မြောင်းမြမြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

မြောင်းမြ ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲများကို ယမန်နေ့မွန်းလွဲ (၂း၀၀) နာရီအချိန်က ပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ် အကြောင်းအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်စိုးစိုးနှင်းက အမှိုက် (၄) မျိုး ခွဲခြားစွန့်ပစ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း အသိပညာပေး ဟောပြော ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များအား သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများက အမှိုက် (၄) မျိုးခွဲခြားစွန့်ပစ်ခြင်း သရုပ်ပြဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်း သား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)