ဘားအံ ဇူလိုင် ၁၆
ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရှင်သန်ကြီးထွားရန်အကောင်းဆုံး အရွယ်ရှိသော ငါးသားပေါက်ကောင်ရေ ၅၂၀၀၀၀ ကျော်ကို သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင်း ငါးမျိုး စိုက်ထည့်ပေးသွားရန်လျာထားဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သည် ဒေသခံပြည်သူများနှင့်အတူ ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီက ဘားအံမြို့နယ်၊ လှိုက်ကမ္ဘာ ကျေးရွာအုပ်စု၊ ဒုံရင်းသဘာဝစမ်းရေတံခွန်အတွင်း ငါးမျိုးများစိုက်ထည့်ပေးသည်။
ငါးမျိုးစိုက်ထည့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒုံရင်းအခြေခံပညာနှင့်စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ဒေသခံပြည်သူများနှင့်အတူ ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော ငါးမြစ်ချင်း ကောင်ရေ ငါးသောင်း၊ ငါးခုံးမကြီးကောင်ရေ ငါးသောင်း၊ စုစုပေါင်းကောင်ရေတစ်သိန်းကို ဒုံရင်းသဘာဝစမ်းရေတံခွန် အတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ဒေသတွင်း ငါးစားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည်တည်တံ့ရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာကို ပိုမိုစားသုံးနိုင်ရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရေး သဘာဝမြစ်ချောင်း၊ အင်းအိုင် ဆည်တမံများအတွင်း နှစ်စဉ်ငါးမျိုးများစိုက်ထည့်လျက်ရှိရာ ယခုနှစ်တွင် ငါးမျိုးစိုက်ထည့်ပွဲ(၄)ကြိမ်ဖြင့် ကောင်ရေ ၂၉၀၀၀၀ ကို ငါးမျိုးစိုက်ထည့်ပြီးစီးခဲ့ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီ၏ကြီးကြပ်မှုဖြင့် ပြည်နယ်စားပွဲတင်တင်းနစ်ဆပ်ကော်မတီနှင့် ဘားအံတက္ကသိုလ်တို့ပူးပေါင်းဖွင့်လှစ်သည့် စားပွဲတင်တင်းနစ်ကစားနည်းသင်တန်း(၁/၂၀၂၅)ဖွင့်ပွဲကို နံနက် ၁၀ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ကရင်ပြည်နယ်လူငယ်စင်တာ အစည်းအဝေးခန်းမ၌ ကျင်းပ ရာ ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က လူငယ်ရေးရာကိစ္စရပ်များကို တစ်နေရာ တည်းတွင်ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ်လူငယ်စင်တာကို လူငယ်အများစု စုဝေးတည်ရှိရာ ဘားအံ တက္ကသိုလ်အနီးတွင်ဆောက်လုပ်ပေးထားပြီး အနီးတဝိုက်တွင်လည်း ဖူဆယ်ဘောလုံးကွင်း၊ GYM ခန်းမ၊ စားပွဲတင် တင်းနစ်အားကစားခန်းမ၊ အောင်သံလွင်အားကစားကွင်းတို့ကို ဆောက်လုပ်ပေးထားကာ လူငယ်များကိုလေ့ကျင့် ပျိုးထောင်နိုင်သည့် ပတ်ဝန်းကျင်ကောင်းဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ သင်တန်းတက်ရောက်ကြမည့် မောင်တို့မယ်တို့အားလုံး ကြိုးကြိုးစားစားသင်ကြားလေ့ကျင့်ကြပြီး မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး စုစုပေါင်းငွေကျပ် ၂၆၈၀၀၀၀ တန်ဖိုးရှိ အားကစားပစ္စည်းများနှင့်အားကစားဝတ်စုံများကို သင်တန်းသား၊သင်တန်းသူများထံ ပေးအပ် ချီးမြှင့်သည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းကို ဘားအံတက္ကသိုလ်မှ သင်တန်းသား၊သင်တန်းသူ ၃၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလတစ်လဖြစ်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စားပွဲတင် တင်းနစ် ကစားနည်းသင်တန်း သင်ကြားပို့ချပေးနေမှုများကို ကြည့်ရှုအားပေးပြီး လူငယ်စင်တာအနီးရှိ GYM ခန်းမ၌ လေ့ကျင့်ရေးပစ္စည်းကိရိယာများ စနစ်တကျနေရာချထားမှု၊ လာရောက်လေ့ကျင့်ကစားနေမှုနှင့် အပေါ်ထပ် ခန်းမအား GYM ခန်းမအဖြစ် ပြင်ဆင်ဆောင်ရွက်မည့်အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)