တမူးမြို့တွင် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

တမူး ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့်ကျန်းမာရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင်တမူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် တစ်ကိုယ်‌ရေ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါစစ်ဆေးပေးခြင်းနှင့် မိုးရာသီ၌ ကလေးများတွင်အဖြစ်များသော သွေးလွန် တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးနည်းလမ်းများ၊ နည်းစနစ်မှန်ကန်စွာ လက်ဆေးခြင်းနှင့် သွားတိုက်ခြင်းတို့ကို အသိပညာပေးခဲ့ကြသည်။

အလားတူကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့်ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ