သာပေါင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ကွမ်းခြံကုန်း)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

သာပေါင်း ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ(၁၄)ရက်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ကွမ်းခြံကုန်း)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက လူငယ်နှင့်စာပေဖတ်ရှုခြင်းခေါင်းစဥ်ဖြင့် ဟောပြောခဲ့ရာ "ဘဝကိုနည်းလမ်းတကျ ဖွံံ့ဖြိုးတိုးတက်ဖို့ သုတ၊ရသစာပေများ ဖတ်ရှုဖို့လိုပါကြောင်း၊ သုတစာပေက ဘဝကိုထိပ်တန်းရောက်အောင် ကြိုးစားတဲ့နေရာမှာ တောင်တက်ကိရိယာသဖွယ် ဆောင်ရွက်ပေးသလို ရသစာပေက လောကဓံမှာ အဆိုးတွေနဲ့ကြုံတွေ့တဲ့အခါ ခံနိုင်ရည်ရှိအောင် သင်ကြားပေးပါကြောင်း၊ သက်ရှိသတ္တဝါတိုင်း အသက်ရှင်ရပ်တည်နိုင်ရန် အစာအာဟာရစားသုံးရသလို ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် မရှိမဖြစ်လိုအပ်သော အစာအာဟာရမှာစာဖတ်ခြင်းဖြစ်ပါကြောင်း အသိပညာပေးဟောပြောပြီးနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊နည်းစနစ်မှူး(တာဝန်ခံ)ဒေါ်ချိုသဲမှ"လူငယ် အားကစားနှင့် ခေါင်းဆောင်မှု"ခေါင်းစဉ်ဖြင့်"နိုင်ငံတော်မှ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာအသုံးချကတတ်ရန် နွေရာသီတွင် အားကစားသင်တန်းများ၊ ကင်းထောက်လူငယ်သင်တန်း၊ ရေကြောင်း လူငယ်၊ လေကြောင်းလူငယ်သင်တန်းများ၊ ကြက်ခြေနီသင်တန်းများစသည်တို့ကိုလည်း ဖွင့်လှစ်သင်ကြားပေးနေသလို လူရည်ချွန်စီမံကိန်းဖြင့် ထူးချွန်ကျောင်းသားများ ပေါက်ထွက်လာရေး လေ့ကျင်းပေးနေပါကြောင်း၊ အားကစားဘက်တွင်လည်း ကျောင်းသားအားကစားပွဲများကို ကျောင်းအဆင့်မှသည် နိုင်ငံတော်အဆင့်အထိ ကျင်းပပေးနေပါကြောင်း၊ မိမိအရည်အချင်းကို မိမိကိုယ်တိုင်ဖြည့်ဆည်းဆောင်ရွက်မှ အနာဂတ်၏ ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍအနေဖြင့် အခြေခံကျောင်းများတွင် ကာယပညာဘာသာကို တွဲဖက်သင်ရိုးဝင်ဘာသာအဖြစ်သတ်မှတ်၍ ကာယအတွဲ ၁/၂/၃/၄ တို့ကို ၎င်းအခြေခံအေရိုးဗစ်သင်တန်းများ၊ မြန်မာ့ရိုးရာအားကစားများကိုလည်း ကာယပညာတွင် ထည့်သွင်းသင်ကြားပေးလျက်ရှိပါကြောင်း၊ ကျောင်းကောင်စီပြိုင်ပွဲများကျင်းပ၍လည်း ဆောင်ရွက်ပေးနေပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှလိုအပ်သော နည်းစနစ်များ၊ အားကစားပစ္စည်းများကို ထောက်ပံ့ကူညီပေးလျက်ရှိပါကြောင်း၊ ဒါကြောင့် အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် မောင်တို့ မယ်တို့သည်“မကောင်းမှုရှောင် ကောင်းမှုဆောင်လျက်” အပျော်အပါး၊ မိမိဘ၀ပျက်စီးရာ၊ ပျက်စီးကြောင်းတို့ကို ရှောင်ရှားပြီး အနာဂတ်ခေါင်းဆောင်များဖြစ်လာရန် ယခုကထဲကပင် အရည်အချင်းရှိသော လူငယ်များဖြစ်လာကြရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချပြီး ကြိုးစားအားထုတ်ကြပါရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ မျိုးဆက်သစ်လူငယ်တွေ လမ်းမှားမရောက်ဖို့ ဘဝတစ်လျှောက်လုံးရပ်တည်ချက်မှန်မှန်ကန်ကန်နှင့် နေထိုင်သွားဖို့တိုက်တွန်းပါကြောင်း စသည်ဖြင့် ဟောပြောခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နိုင်က စားသုံးသူကာကွယ်ရေး ဥပဒေ၊ စားသုံးသူ၏ အဓိပ္ပါယ်နှင့် ရရှိနိုင်မည့်အခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များ၊ ပစ္စည်းများ၊ ဝယ်ယူသုံးစွဲရာတွင် ကြည့်ရှုစစ်ဆေးရမည့်အချက်များအား ကလေးများနားလည် သဘောပေါက်လွယ်အောင် ရှင်းလင်းပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ ကျောင်းမုန့်ဈေးတန်းရှိ မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော စားသောက်ကုန်များ ရောင်းချရန်နှင့် သန့်ရှင်းလက်ဆက်သက်ရပ်စွာ ထားသိုရောင်းချကြရန် အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာ‌ပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး(ပြန်/ဆက်)