ခမောက်ကြီး ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်စီစီချိုက အာဇာနည်နေ့သည် မြန်မာတစ်မျိုးသားလုံး တန်ဖိုးထားသည့် နေ့ထူးနေ့မြတ်ကြီးဖြစ်၍ ထို့နေ့ကို ကျောင်းသား/ကျောင်းသူများအားလုံးသိရှိထားကြရန်လိုအပ်ကြောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းခဲ့မှု သမိုင်းအကြောင်း၊ အာဇာနည် (၉) ဦး၏ အတ္ထုပ္ပတ္တိများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုများနှင့် အာဇာနည်နေ့ကို ဂုဏ်ပြုအလေးပြုခြင်း စသည်တို့ကို ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲဆောင်ရွက်ခြင်းသည် အာဇာနည်ခေါင်းဆောင်ကြီးများအား အတုယူ၍ အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းစေရေး ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက်၊ အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ပညာပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)