မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

အထက်မင်းလှ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရန်နှင့် ထူးခြားဖြစ်စဉ်ရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန် လိုအပ်ကြောင်း၊ လာမည့် ဘဏ္ဍာနှစ်တွင် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ရန်၊ စိုက်ပျိုးစရိတ် ချေးငွေများ ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသူများ ပြန်လည်‌ ပေးဆပ်ကြရန်၊ အိမ်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ စာရင်းဇယားများကို တိုက်ဆိုင်စစ်ဆေးရန်၊ ရွေးကောက်ပွဲတွင် မဲပေးစနစ်ကို MEVN စက်ဖြင့် ပေးရမည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ အပူဒဏ်ကာကွယ်ရေးအတွက် သစ်ပင်စိုက်ပျိုးကြရန်၊ မြစ်ရေမြင့်တက်သည့်ကာလဖြစ်သည့်အတွက် မြစ်ကမ်းနားဘေးနေ မြို့ပေါ်ရပ်ကွက်/ကျေးရွာ ပြည်သူများ သတိပြုနေထိုင်ကြရန်၊  မိုးရာသီကာလ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရန်နှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ အိမ်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာအကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအကြောင်းအရာများကို အကြံပြုဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ်လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)