ပခုက္ကူ ဇူလိုင် ၁၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ စစ်တုရင်းနှင့်စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်၊ မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားတတ်စေရန်၊ ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရမည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားကောင်းများပေါ်ထွက်လာစေရန်တို့အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ ဓိဋ္ဌာန်(၄)ရပ်ကိုရွတ်ဆိုကြပြီး ခေတ္တပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်တို့က ပြိုင်ပွဲများ ဖွင့်လှစ်ပေးကြရာ ဘာသာရပ်ကိုယ်စားပြု (အမျိုးသား၊အမျိုးသမီး) စစ်တုရင်နှင့် စားပွဲတင်တင်းနစ်အသင်း အုပ်စု(၃)ခုခွဲ၍ စတင်ယှဉ်ပြိုင် ကစားကြသည်။
အဆိုပါပြိုင်ပွဲကို ၂၀၂၅ခုနှစ်၊ဇူလိုင်လ ၁၆ရက်မှ၁၇ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စစ်တုရင်ပြိုင်ပွဲတွင် ၁၀ဦး၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ၁၂ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)