ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံပြည်သူများသည် အိမ်ဘေးရှိ မြေကွက်လပ်နှစ်တို၊ နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သည့် ကိုင်းဆက်ဒူးရင်းသီး(ခေါ်) မွန်ထောင်းသီးများ ဈေးကောင်းရရှိလျက်ရှိသည်။
ဒူးရင်းသီးများသည် မေလတွင် စတင်ထွက်ရှိပြီး ဇွန်နှင့်ဇူလိုင်လတို့၌ အသီးလှိုင်လှိုင်ထွက်ရှိပြီဖြစ်သည်။ ဒူးရင်းသီးများသည် ကျောက်စရစ်မြေနှင့်နုန်းဆန်သောမြေညီမြေပြန့်ကိုကြိုက်နှစ်သည်။ ကိုင်းဆက်ပျိုးပင်များကို ကျင်းများပြုလုပ်၍ စိုက်ပျိုးရပြီး ရေမဝပ်စေရန် သတိပြုရမည်။ စိုက်ပျိုးပြီး (၂)နှစ်အထိ အရိပ်ပြုလုပ်ပေးရသည်။ ပန်းပွင့်စေရန်နှင့် အသီးထွက်အားကောင်းစေရန်အကိုင်းများ ဖြတ်တောက်ပေးရသည်။ ပန်းပွင့်ပြီး ၆ လ အကြာတွင် အသီးများခူးဆွတ်နိုင်ပြီဖြစ်သည်။ အရောင်ပြောင်း ဆူးကြဲလျှင်ရင့် မှည့်ပြီဖြစ်ပြီး လက်မနှင့်ဆူးကို ခေါက်ကြည့်ပါက ဂလိုင်အသံထွက်မှသာ အညှာအရင်းအထက်မှဖြတ်ပြီး ခူးရမည်ဖြစ်သည်။ ကိုင်းဆက်သီးများ စတင်ပေါ်ကာစတွင် (၁) ကီလိုလျှင် (၁၅၀၀၀) ကျပ်ဖြစ်ပြီး ယခုအခါ ကိုင်းဆက်သီးများ လှိုင်လှိုင်ထွက်ရှိလာသဖြင့် (၁) ကီလိုလျင် (၈၀၀၀)ကျပ်သာရရှိပြီး ထွက်ရှိသည့်အသီးများကို လေညာအရှေ့ရပ်ကွက်ရှိ ဈေးဆိုင်များနှင့် ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်များတွင်ဖောက်သည်ပေးခြင်း၊ ခြံတွင်းသို့ ကိုယ်တိုင်လာရောက် ဝယ်ယူခြင်းများလည်းရှိကြောင်း ကိုင်းဆက်ဒူးရင်းသီးခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။
ဒူးရင်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝသဖြင့် အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေခြင်း၊ အစာစားချင်စိတ်ကို တိုးစေခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ မဖြစ်စေရန်ကာကွယ်ပေးခြင်း၊ သွေးတိုးရောဂါ မဖြစ်စေရန် ကာကွယ်ပေးကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)