အိမ်မဲမြို့နယ်တွင် ဆေးဝါးရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းဆိုင်ရာ ကျင့်စဉ်​ကောင်းများအကြောင်းနှင့် အမျိုးသားဆေးဝါးဥပဒေအကြောင်း အသိပညာပေးဟောပြော

အိမ်မဲ ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမ​၌ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးဝါးရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းဆိုင်ရာ ကျင့်စဉ်ကောင်းများအကြောင်းနှင့် အမျိုးသားဆေးဝါးဥပဒေအကြောင်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန (FDA)မှ ဒုကြီးကြပ်ရေးမှူး(ဆေးဝါး) ဒေါ်နီနီဇော်က ဆေးဝါးဖြန့်ဖြူးရောင်းချရေးဆိုင်ရာ ကျင့်စဉ်ကောင်းများအကြောင်း၊ ဦးစီးအရာရှိ ဦးကျော်စွာလွင်က အမျိုးသားဆေးဝါးဥပဒေအကြောင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာမျိုးကျော်အောင်က မြို့နယ်အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ ဆောင်ရွက်မှုများအကြောင်းတို့ကို အသီးသီး ရှင်းလင်းပြောကြား ခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်ဆေးဝါးကြီးကြပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဆေးဆိုင်ပိုင်ရှင်များ ကျန်းမာ​ရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်