သဲကုန်းမြို့နယ်၊ အ.မ.က ရွာသစ်ကုန်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

သဲကုန်း ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်းရွာသစ်ကုန်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာလူမျိုးတို့၏မမေ့အပ်သည့် နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည့် ဇူလိုင်လ(၁၉)ရက်နေ့ရောက်တိုင်း အာဇာနည်နေ့အခမ်းအနားများကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များ၊ အာဇာနည် နေ့ဖြစ်ပေါ်လာပုံများ၊ အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အာဇာနည်စိတ်ဓာတ်များအကြောင်းနှင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်းဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေပြီး ဗလငါးတန်ပြည့်စုံကြွယ်ဝ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေရန် စာ​ပေလေ့လာဖတ်ရှုရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး ဒုတိယဦးစီးမှူးဒေါ်ပြည့်ဖြိုးသူက ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောခဲ့ပြီး ကျောင်းသား၊ ကျောင်သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ ကိုယ်ရေးသမိုင်းမှတ်တမ်းများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ် စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)