ဒီးမော့ဆို ဒီဇင်ဘာ ၁၇
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ငွေတောင်မျိုးသန့် ခြံအဖြစ် ဆောင်ရွက်ခဲ့သော ဝမ့်လထွားကျေးရွာ(ရွှေပန်းတော) ကွင်းအမှတ်/ အမည်(၂၂/ဝမ့်လထွားအရှေ့ ကွင်း)၊ ၁၂/ဝမ့်လထွား ရွာတွင်းရှိ ယာမြေအမျိုးအစား၊ ဦးပိုင်အမှတ် (၅/၂)၊ ဧရိယာ ၄၉ ဒသမ ၂၃ ဧကရှိမြေကို နိုင်ငံတော်မှ ပြန်လည်အပ်နှံမှုအပေါ် ကျေးရွာမြေအဖြစ် ၂၉ ဒသမ ၉၃ ဧက အသုံးပြုခဲ့ပြီး ကျန်ရှိသော ယာမြေ ၁၉ ဒသမ ၃၀ ဧကအား တောင်သူ လေးဦးထံ ယာယီပုံစံ(၃) ပေးအပ်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက လွှတ်တော်ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ခရိုင်လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းနှင့် အဖွဲ့ဝင် များ၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် အဖွဲ့ဝင် များက နိုင်ငံတော်မှ ပြန်လည်စွန့်လွှတ်လျက်ရှိသော ယာမြေပေါ်တွင် အမှန်တကယ် လုပ်ကိုင်ဆောင်ရွက် နေသော တောင်သူ လေးဦးအား စိစစ်မေးမြန်းဆွေးနွေးပြီး အသိသက်သေအဖြစ် ပါဝင်ဆောင်ရွက်သူများ၏ သဘောထား၊ ယာယီပုံစံ(၃) ရရှိပါက လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ဆွေးနွေးပြောကြားခဲ့သည်။
ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာအုပ်စု ဝမ့်လထွားကျေးရွာ(ရွှေပန်းတော)တွင် ယခင်က စိုက်ပျိုးရေး ဦးစီးဌာနမှ ငွေတောင်မျိုးသန့်ခြံအဖြစ် မြေ ၁၁၀ ဒသမ ၇၉ ဧက အသုံးပြုဆောင်ရွက်ခဲ့ပြီး ၄၉ ဒသမ ၂၃ ဧကကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံကာ ကျေးရွာမြေအဖြစ် ၂၉ ဒသမ ၉၃ ဧက အသုံးပြုခဲ့ကြောင်း၊ ကျန်ရှိသော ယာမြေ ၁၉ ဒသမ ၃၀ ဧကကို တောင်သူ လေးဦးပိုင်ဆိုင်ကြောင်း တင်ပြလာမှုအပေါ် ၎င်းယာမြေပေါ်တွင် အဆိုပါ တောင်သူများ အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ/မရှိ စိစစ် ဆောင်ရွက်ခြင်းဖြစ်ပြီး မှန်ကန်ပါက ယာယီပုံစံ(၃) ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)