ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ လမ်းညွှန်မှုဖြင့် သွားဆရာဝန်ဒေါက်တာအောင်ကျော်သူက နည်းစနစ်မှန် သွားတိုက်နည်းသင်ပေးခြင်း၊ သွားနှင့်တစ်ကိုယ်ရေကျန်းမာရေးအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းနှင်းလှိုင်က ကျောင်းသား၊ကျောင်းသူများ ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန်အာဟာရ သုံးအုပ်စုဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်း ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး အခြေခံပညာကျောင်းမှကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများကတစ်ကိုယ်ရေသန့်ရှင်းရေးပညာပေးခြင်း၊ လက်ဆေးနည်းသင်ပေးခြင်း၊ အထွေထွေစစ်ဆေးကုသခြင်းနှင့် သွားကျန်းမာရေးဆိုင်ရာစစ်ဆေးခြင်း၊ နုတ်ပေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ဆေးဝါးများ အခမဲ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)