တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီး ဇူလိုင် ၁၆

ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန် စာကြည့်တိုက်သို့စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့်အလေ့အထများဖြစ်ပေါ်စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်၊ အများနှင့်ပူးပေါင်းဆောင်ရွက်တက်စေရန်နှင့် အာဇာနည်နေ့အကြောင်း လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီခွဲက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အေးမိုးမိုးမြင့်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲကိုကျင်းပရာ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ မအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် အာဇာနည်နေ့အကြောင်း အသိပညာပေးနံရံကပ်‌စာစောင်များ၊ ဓါတ်ပုံမှတ်တမ်းများအား စိတ်ဝင်တစားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုး‌မြေ)