တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ကော့သောင်းမြို့၌ ပညာရေးဌာနဝန်ထမ်းများနှင့်တွေ့ဆုံ

ကော့သောင်း ဇူလိုင် ၁၆

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးသက်နိုင်သည် ကော့သောင်းခရိုင်နှင့်မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲခန့်က ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမတွင် ဆောင်ရွက်သည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးသက်နိုင်က “နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ ပေါများခြင်း၊ အသိပညာ အတတ်ပညာပြည့်စုံသည့် ပညာတတ်များနှင့် သာယာဝပြောသည့်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင်ရွက်နေပြီး အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ်ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စာသင်ကျောင်းဆိုသည်မှာ စာပေ သင်ကြားပေးသည့် နေရာသက်သက်သာမဟုတ်ဘဲ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုး‌သည့်စိတ်၊ နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးရန်လည်း လိုအပ်ပြီး စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန် ခွဲခြားသုံးသပ်နိုင်စွမ်းရှိအောင် သင်ကြားပေးသည့်နေရာဖြစ်ရန်လိုအပ်ကြောင်း၊  ဆရာ ဆရာမများအနေဖြင့် ကျောင်းသား၊ကျောင်းသူများအား အခြေခံပညာ ပြီးဆုံးသည်အထိ သင်ယူတတ်မြောက်၍ တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်ပြီး အကျင့်စာရိတ္တကောင်းမွန်၍ ဗလငါးတန်နှင့်ပြည်စုံသည့် နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်လာစေရန်နှင့် ယဉ်ကျေးပျူငှာစွာ ပြုမူပြောဆို နေထိုင်တတ်ကြစေရန် ဆုံးမလမ်းညွှန်မှုပေးရမည်ဖြစ်ကြောင်း၊ အားကစားနှင့်ကာယပညာလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး၊ အားကစားစိတ်ဓာတ်ဖွံ့ဖြိုးလာစေရန်၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့်အဆင့်မြင့်ပညာရေးအတွက် အခြေခံကောင်းများရရှိစေရန် ကျောင်းသား၊ ကျောင်းသူများ စာပေပညာကိုသာမက အသက်အရွယ်နှင့်ကိုက်ညီသည့် ဗဟုသုတများရရှိစေရေးအတွက် ပြင်ပစာပေများကိုလည်း စာကြည့်တိုက်များတွင် ရှာဖွေဖတ်ရှုသည့် အလေ့အကျင့်‌‌ကောင်းများ ရရှိကြစေရေး လေ့ကျင့်ဆောင်ရွက်ပေးရန်” တာဝန်ရှိသူများအား လမ်းညွှန်မှာကြားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)