ဆင်ပေါင်ဝဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ဆင်ပေါင်ဝဲ   ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျောက်ဆောင်စမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့  မွန်းလွဲ ၁ နာရီခွဲ အချိန်က အဆိုပါ ကျောင်းခန်းမတွင်

ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး အောင်ကျော်မြင့်က လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှုး ဦးဝင်းနိုင်က ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ဘောဂစသည့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အချက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူးခေါင်းစဥ်ထဲမှ လူငယ်တွေရဲနေထိုင်မှုပုံစံ၊ လူငယ်တွေဘဝတိုးတက်ဖို့အတွက် ဘယ်လိုတွေစာဖတ်ကြမလဲ စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်ပြီး ကျောက်ဆောင်စမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လက်ထောက်ပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ကျောင်းအုပ်ဆရာမကြီးထံ စာအုပ်များလှူဒါန်းခဲ့ကြသည်။

ယင်းနောက် ပြသထားသောနံရံကပ်ပိုစတာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)