ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ငဖဲ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ နိုင်ငံတော်၏ နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့များကိုသိရှိစေရန်နှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများကိုသိရှိစေရန် ရည်ရွယ်၍ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade- 8 ကျောင်းသား /သူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိနှင့် ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုကဗျာများနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ကျောင်းသား/သူများအား  အသိပညာပေး ဆွေးနွေးပြောကြားသည်။

ထို့နောက် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်သိကောင်းစရာများနှင့် နေ့ထူးနေ့မြတ် အကြောင်းအရာများကို ဉာဏ်စမ်းမေးခွန်းမေးမြန်းပြီး ဖြေဆိုနိုင်သူ ကျောင်းသား၊ ကျောင်းသူ(၅)ဦးကို လက်ဆောင်ပစ္စည်းများပေးအပ်ကာ ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ လစဉ်ထုတ်တေဇစာအုပ်များ၊ မဂ္ဂဇင်း စာအုပ်များဖြင့် စာအုပ်ပြပွဲဆောင်ရွက်ပြီး (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ အာဇာနည်နေ့ဂုဏ်ပြုကဗျာများနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း ဓာတ်ပုံများကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)