မြို့သစ် ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး တီဘီနှင့် အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်သူလူထုအတွင် တီဘီရောဂါနှင့် အနာကြီးရောဂါ ကွင်းဆင်းရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသပေးခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၄ ရက်နေ့မှစတင်၍ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်တွင် ထောက်ရှာတန်းကျေးရွာအုပ်စု၊ ထောက်ရှာတန်းကျေးရွာ၌ ကွင်းဆင်းရှာဖွေ ဖော်ထုတ်ကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းရှာဖွေခြင်းနှင့် ကုသခြင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးတီဘီရောဂါနှင့် အနာကြီးရောဂါတိုက်ဖျက်ရေးဌာနဝန်ထမ်းများမှ ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ တီဘီရောဂါရှိ/မရှိ ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ဆေးခြင်း၊ တီဘီရောဂါတွေ့ရှိသော လူနာများအား တီဘီဆေးအခမဲ့ပေးခြင်း၊ လူနာအားတီဘီရောဂါနှင့်ပတ်သက်သော ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်အတွင်း တီဘီရောဂါနှင့် အနာကြီးရောဂါကွင်းဆင်းရှာဖွေဖော်ထုတ်ကုသခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ မြို့လုလင်ကျေးရွာ၊ ထောက်ရှာတန်းကျေးရွာ၊ ဖိုကြီးကျေးရွာနှင့် လေးတိုင်စင်ကျေးရွာတို့တွင် ကွင်းဆင်းရှာဖွေကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)