ပွင့်ဖြူ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ ကျောင်းနေအရွယ်ကလေးများ ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ကျန်းမာပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ပြုလုပ်သည့် ကျောင်းကျန်းမာရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုးက မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းနေအရွယ်ကလေးများ ကျန်းမာရေးအသိပညာဗဟုသုတတိုးပွားစေရန်နှင့် ကျန်းမာပျော်ရွှင်စွာ ပညာဆည်းပူးသင်ကြားနိုင်ရေးအတွက် အကောင်အထည်ဖော် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းက ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ပညာရေးဌာနမှ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမိုးသစ်ထွန်း (ကျောင်းကျန်းမာရေး ဆရာဝန်)က ကျောင်းကျန်းမာရေးပြစုစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးမှူးအဆင့်(၁) ဦးမောင်မောင်ချမ်းသင်က ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများက မြို့နယ်အတွင်း ဆောင်ရွက်မည့် ကျောင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပူးပေါင်းလုပ်ဆောင်မည့်အခြေအနေများနှင့် လုပ်ဆောင်သင့်သည့်အချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)