မင်းဘူး(စကု)မြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေများ ပေးအပ်

မင်းဘူး ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုများကြောင့် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြရသည့် ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်က မန်းကျိုးကျေးရွာအုပ်စုရှိ ပေတောဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မင်းဘူးခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မန်းကျိုးကျေးရွာအုပ်စု၊ ပေတောဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အင်ကြင်းစုအောင်က ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကာ တာဝန်ရှိသူများက ထုံမကြီးကျေးရွာ၌ ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော ရေဘေးသင့်အိမ်ထောင်စုပေါင်း ၈၆ စုမှ လူဦးရေပေါင်း ၂၀၈ ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ ၁၀၄၀၀၀၀ (ဆယ်သိန်းလေးသောင်း)ကျပ်တိတိကို ရေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်၌ ဇူလိုင်လ ၁၅ ရက်နေ့အထိ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက် မြေနိမ့်ပိုင်းဒေသများ၌ နေထိုင်လျက်ရှိသော မန်းကျိုးကျေးရွာအုပ်စု ထုံမကြီးကျွေးရွာမှ အိမ်ထောင်စုပေါင်း ၉၈ စု၊ လူဦးရေပေါင်း ၂၄၈ ဦးနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များကို သံကန်တန်း(၇)၊ ကျောက်ကုန်း၊ အောက်ကျောင်း စသည့် ရေဘေးလွတ်ရာ ကုန်းမြင့်နေရာဒေသများ၌ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း၊ အဆိုပါရေဘေးရှောင်စခန်းများသို့ ထပ်မံပြောင်းရွှေ့ရသည့် ကျန်ရှိအိမ်ထောင်စုများကို စာရင်းများကောက်ယူ၍ ဆန်ရိက္ခာဖိုးငွေများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)