စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စက်ချုပ်နည်းပညာသင်တန်း (အဆင့်မြင့်) ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ ဇူလိုင် ၁၆

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း (အဆင့်မြင့်) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးရှိ Incubation Centre တွင်ကျင်းပရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတိုင်းဒေသကြီးအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း (၁၅) ခုအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ကသာခရိုင်၊ ကလေးခရိုင်၊ မော်လိုက်ခရိုင်နှင့်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်တန်းတွင် စီမံကိန်းလုပ်ငန်းတစ်ခုစီမှ ထူးချွန်ပြီး လုပ်ငန်းထူထောင်လိုသည့် သင်တန်းသူ ၅ ဦးစီးအား ရွေးချယ်ပြီး တစ်ဦးလျှင် ကျပ် ၁၄ သိန်းဖိုးနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ ငှားရမ်းသုံးစွဲခွင့်ပြုသွားမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်း သင်ကြားတတ်မြောက်မှုကြောင့် စက်ချုပ်လုပ်ငန်းထူထောင်လိုသူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် လူမှုစီးပွားဘဝများမြင့်မားလာပြီး သားသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအထောက်အပံ့နှင့် ပြုစုပျိုးထောင်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါ၍ အနာဂတ်နိုင်ငံတော်အတွက် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်သည့်အပြင် လူသား အရင်းအမြစ်နှင့် နည်းပညာအခြေခံမိသားစုဝင်ငွေများ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သင်တန်သား/ သင်တန်းသူများ၊ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဝင်များအားလုံးမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာလျှင် စီမံကိန်းလုပ်ငန်းများ အောင်မြင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက အငယ်စားစီးပွားရေးများ ပေါ်ထွန်းလာစေရေး စီမံကိန်းလုပ်ငန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း (အဆင့်မြင့်) အတွက် သင်တန်းသူတစ်ဦးထံ သင်တန်းသုံးပစ္စည်းများအားလည်းကောင်း၊ တိုင်းဒေသကြီး စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်စေရေး စီမံကိန်းလုပ်ငန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း (အဆင့်မြင့်) အတွက် သင်တန်းသူတစ်ဦးထံ သင်တန်းသုံးပစ္စည်းများအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက အငယ်စားစီးပွားရေးများ ပေါ်ထွန်းလာစေရေး စီမံကိန်းလုပ်ငန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း (အဆင့်မြင့်)အတွက် သင်တန်းသူတစ်ဦးထံ ကုန်ကြမ်းပစ္စည်းများအားလည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းကအမျိုးသမီးများအတွက် ဝင်ငွေတိုးတက်စေရေး စီမံကိန်းလုပ်ငန်းအတွက် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း (အဆင့်မြင့်) အတွက် သင်တန်းသူတစ်ဦးထံ ကုန်ကြမ်းပစ္စည်းများအားလည်းကောင်း အသီးသီးပေးအပ်ကြသည်။   

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ခင်းကျင်းပြသထားသည့် သင်တန်းတွင် အသုံးပြုမည့်သင်ထောင်ကူပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)