ကန့်ဘလူခရိုင်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ကန့်ဘလူ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တေဇအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလစဥ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဥ်(၆/ ၂၀၂၅)အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ကန့်ဘလူခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင် အစည်းအဝေးခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးရဲမင်းသော်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုပုံ၊ မဲပေးပုံနည်းစနစ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ လက်တွေ့သရုပ်ပြသပြီး အခမ်းအနားသို့တက် ရောက်လာကြသည့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စုပေါင်းရုံးအတွင်း ဖွင့်လှစ်ထားရှိသည့် ရုံး/ ဌာနများမှ ဝန်ထမ်းများ စုစုပေါင်း ၁၆၅ ဦးက လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)