ငါးသိုင်းချောင်း ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်း၍(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်( ၁၀)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ရွှေဘို)၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် အ.မ.က(ရွှေဘို)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးနှင်းဆီက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံကို အကျယ်တဝင့်ဟောပြောခြင်းအပြင် ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံသားကောင်းများ ဖြစ်လာနိုင်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအေးမင်းလတ်က စားသုံးသူ၏အခွင့်အရေးနှင့် ကုန်ညွှန်းအမှတ်အသားများအကြောင်းကို ဟောပြောဆွေးနွေးပြီး စာပေချစ်သူများ(BookClub)အဖွဲ့ဝင် အငြိမ်းစားကျောင်းအုပ် ဆရာကြီး ဦးသောင်းစိန်က အာဇာနည်နေ့အတွေးနှင့် ရသများခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာပေချစ်သူများ(Book Club)အဖွဲ့ဝင် အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးကျော်ညွန့်က အာဇာနည်စိတ်ဓာတ် ခေါင်းစဥ်ဖြင့်လည်းကောင်းအသီးသီး ဟောပြောဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများ အသိပညာတိုးပွားရေး စာအုပ်စာပေများ၊ အာဇာနည်နေ့အထိမ်းအမှတ်တို့နှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းသိမှတ်ဖွယ်ရာများ စသည့်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ ကြောင်းသိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)