ဘိုကလေး ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းသို့ ယနေ့နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲနှင့်ပြပွဲများကျင်းပရာသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ခင်ဝေဝေမြင့်နှင့်ဝန်ထမ်းများ၊ အမှတ်(၈)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ခင်ဝေဝေမြင့်က အနာဂတ်၏မျိုးဆက်သစ်များဖြစ်ကြသော ကျောင်းသား/သူများသည် အနာဂတ်နိုင်ငံတော်အား ဦးဆောင်ဦးရွက်ပြုကြသည့်အချိန်၌ ပညာပြည့်ဝနှလုံးလှသူများ၊ နိုင်ငံ့ခေါင်းဆောင်ကောင်းများဖြစ်စေရေးအတွက် ယခုအချိန်ကတည်းက စာများများဖတ်ရန် လိုအပ်ကြောင်း၊ စာဖတ်ခြင်းသည် မိမိတို့၏ဘဝ၊ မိမိတို့၏ပတ်ဝန်းကျင်၊ မိမိတို့၏အနာဂတ် နိုင်ငံတော်အတွက် တစ်ဖက်တစ်လှမ်းကအကျိုးပြုတည်ဆောက်ခြင်းဖြစ်ကြောင်း စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သုတ၊ ရသ၊ ကဏ္ဍစုံ စာအုပ်စာပေများ၊ အသိပညာပေးပြသထားသော ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာများ၊ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များအပါအဝင် ကဏ္ဍစုံနံရံကပ်စာစောင်များအား အသိပညာပေး ပြသခဲ့ကြောင်း သိရသည်။
မိုးစက်