ဇီးကုန်းမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဆုပေးပွဲကျင်းပ

ဇီးကုန်း ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် ဆုပေးပွဲကို ဇူလိုင်လ ၁၅ ရက်နေ့နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက အာဇာနည်နေ့အကြောင်းနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အလယ်တန်းအဆင့်‌ ကျောင်းသား၊ ကျောင်းသူ (၁၃) ဦးတို့က "အာဇာနည်နေ့နှင့်လူငယ့်တာဝန်" ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြတ်ကေခိုင်နှင့် တာဝန်ရှိသူများမှ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်တို့အား တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)