အိမ်မဲ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ဆိတ်ချေးကုန်း ကျေးရွာကွင်းအမှတ် (၄၄-က) ဦးပိုင်အမှတ် (၂၃ /၁)ရှိတောင်သူဦးအောင်သောင်း၏ လယ်မြေ (၄.၅) ဧကတွင် ရေဆင်းပေါ်ဆန်း(၁/၂)၊ အောင်နိုင်တိုး မျိုး(၃)မျိုးအား မျိုးသန့်မျိုးစေ့ထုတ်စိုက်ပျိုးထားသည့် စိုက်ခင်းအား မြေသြဇာကြဲပက်ပွဲကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အဖွဲ့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါစိုက်ခင်းများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယူရီးယား (၁)ဆ၊ မြေဆွေး (၃)ဆ ရောစပ်၍ မြေသြဇာကိုကြဲပက်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များ တောင်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီမှူး ဦးစိုးမြင့်အောင်က စိုက်ပျိုးမည့်လယ်ယာမြေများတွင် မြေသြဇာထည့်သွင်းရမည့် အကြောင်းအရာများကို အကျယ်တဝင့် ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မိုးစပါးအထွက်နှုန်း တိုးတက်စေရေး အတွက် ကြဲခင်းစနစ်ပပျောက်ရေး၊ သီးနှံစိုက်စွမ်းအားမြှင့်တင်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်စေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ချစ်သက်လယ်