ဘုတ်ပြင်းမြို့ အမက-ကမာချောင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ဘုတ်ပြင်း  ဇူလိုင်  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ညနေက ဘုတ်ပြင်းမြို့ ကမာချောင်းကျေးရွာအုပ်စု ကမာချောင်းကျေးရွာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် အမက-ကမာချောင်းကျောင်းအုပ်ဆရာကြီး ဦးသန်းဖေက အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။  ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက စာဖတ်ရှိန်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နောင်တစ်ချိန်တွင်နိုင်ငံနှင့် လူမျိုးအကျိုး သယ်ပိုးထမ်းရွက် ကြရမည်ဖြစ်၍ ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို  လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်‌ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတ ရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များ ကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်း နိုင်ကြောင်းပြောကြားခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်၊နှုတ်မှုစွမ်းရည် တိုးတက်စေရေးအတွက် ကျောင်းသင်ရိုးညွှန်တမ်းစာအုပ်မှ  မိမိတို့စိတ်ကြိုက် ကဗျာရွတ်ဆို ပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)