ကျွန်းစုမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲ ကျင်းပ

ကျွန်းစု ဇူလိုင် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာမူလတန်း ကမ်းဇော်တောကျောင်းတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေး  ထက်မြက်လာစေရန်၊ အားလပ်သည့်အချိန်များတွင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ပြီး စာငှား၊ စာဖတ်ခြင်းဖြင့် စာပေဗဟုသုတများ တိုးပွားလာစေရန်” ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက အာဇာနည်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး အ.မ.က ကမ်း‌ဇော်တောကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်စာပေများနှင့် အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း၊ ပြိုင်ပွဲတွင် ဆုရရှိသူအား တာဝန်ရှိသူများက ဆုချီးမြှင့်‌ပေးအပ်ခဲ့ကာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

ထက်မြင့်(ကျွန်းစု)