ကျုံပျော် ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့၏ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အတွင်းရှိညောင်ပင်ဆိပ်အုပ်စု နတ်ကန် ကျေးရွာနှင့်သောင်ရွာအုပ်စု ဘိုးထောင့်ကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူး(နတ်ကန်)တံတား တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဦးစွာ တံတားတည်ဆောက်ရေး စီမံကိန်းရှင်းလင်းဆောင်၌ ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းက တံတားလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် သတ်မှတ်အတိုင်းအတာ၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်ရန် မှာကြားပြီး တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။
အဆိုပါတံတားသည် ရေလမ်းကင်းလွတ်အမြင့် ၆ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၄၈ ပေ၊ ယာဉ်သွားလမ်း အကျယ် ၁၈ ပေ၊ လူသွားလမ်းတစ်ဖက်လျှင် တစ်ပေစီပါဝင်ပြီး ခွင့်ပြုတန်ချိန် ၃၆ တန်ဖြစ်ကာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ကြောင်း၊ အဆိုပါတံတားပြီးစီးပါက ကျေးရွာ(၇၆)ရွာ၊ အိမ်ခြေ (၆၉၅၇)အိမ်၊ လူဦးရေ (၂၇၀၁၄)ဦးအား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)