ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲများကျင်းပ

ကန့်ဘလူ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်( ၅) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိသင်းက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာသင့်ကြောင်းကိုလည်းကောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန အငယ်တန်းစာရေး ဒေါ်အိမွန်ကျော်က စားသုံးရန်မသင့်သော အစားအစာများနှင့်ဆိုးကျိုးများကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးနံရံကပ် ပိုစတာများနှင့် စာအုပ်သာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း