ဖျာပုံမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပ

ဖျာပုံ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ ပြည်သူ့အားကစားကွင်းကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းနေရာယူကြပြီး စစ်ကြောင်းမှူး ဦးဆောင်၍ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ အလေးပြုကြပြီးဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား (၄) မြို့နယ်အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယုနှင့်အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အားကစားပြိုင်ပွဲတွင် ဂုဏ်ပြုတီးခတ်ဖျော်ဖြေပေးကြသော ဧရာဝတီဟန်မင်းကို တီးဝိုင်းအဖွဲ့နှင့် သမိန်ထောဘင်ခရာအဖွဲ့တို့အား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ထို့နောက်စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဥ် (၁)အဖြစ်ဖျပုံမြို့နယ် အမျိုးသမီးဘောလုံး အသင်းနှင့် ဒေးဒရဲမြို့နယ်အမျိုးသမီးဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကြရာ ဖျာပုံမြို့နယ် အမျိုးသမီးဘောလုံးအသင်းက ဒေးဒရဲမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား (၇)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး အဆိုပါအမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇူလိုင်လ(၁၄)ရက်နေ့မှ ဇူလိုင်လ (၂၃)ရက်နေ့အထိ နေ့ရက်အလိုက် အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်