မြဝတီ ဇူလိုင် ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အောင်မြေရွှေဘုံတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အောင်မြေရွှေဘုံမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်း၊ ဒုတိယဦးစီးမှူး ဦးလင်းထက်အောင်တို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အကြောင်းအရာများနှင့် စွန့်ပစ်အမှိုက်အမျိုးအစားခွဲခြားစေပြီး အရောင်အလိုက်ခွဲခြားထားသည့် အမှိုက်ပုံးများထဲသို့ အမှိုက်များအား စွန့်ပစ်ရမည့်နည်းလမ်းများကို ဟောပြောကာ ကျောင်းသား၊ ကျောင်းသူများက စွန့်ပစ်အမှိုက်များခွဲခြားကာ လက်တွေ့သရုပ်ပြသခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီနှင့် ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူတို့က စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ စာကြည့်တိုက်များအသုံးပြုတက်စေရန် နည်းလမ်းများအား အသီးသီးဟောပြောခဲ့ ကြသည်။
ဆက်လက်ပြီး အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် စာအုပ်/စာစောင်၊ နံရံကပ် စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)