ဒေးဒရဲ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက ကျေးရွာအုပ်စုများရှိ ရေလမ်းခရီးသွား ပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုများကြောင့် ဘေးအန္တရာယ်ကြုံတွေ့လာပါက အသက်ကယ်အင်္ကျီများ စနစ်တကျအသုံးပြုနိုင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ရေယာဥ်ဆိပ်ကမ်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးနှင့်တပ်ဖွဲ့ဝင်များက မိုးရာသီကာလတွင် ရုတ်တရက်ဖြစ်ပွားနိုင်သည့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပွားလာနိုင် သဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် မြစ်၊ ချောင်းများတစ်လျှောက် နေထိုင်ကြသူများ၊ ရေလုပ်ငန်းလုပ်ကိုင်နေသူများ၊ ရေလမ်းခရီးသွား ပြည်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန်နှင့် ရေကြီးရေလျှံမှုများဖြစ်ပွားလာပါက သက်ကယ်အင်္ကျီများ အိမ်တိုင်းဆောင်ထားရန် အသိပညာပေးဟောပြောခြင်း၊ အသက်ကယ်အင်္ကျီ စနစ်တကျ ဝတ်ဆင်အသုံးပြုနည်းများကို လက်တွေ့ပြသဆောင်ရွက်ခဲ့ပြီး ခရီးသည်တင်ရေယာဥ်များတွင် သက်ကယ်ဘောကွင်း၊ သက်ကယ်အင်္ကျီများ အဆင်သင့်ဆောင်ရွက်ထားရှိမှုများအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်များကို ပြည်သူများ သိရှိနိုင်စေရန် အချိန်နှင့်တပြေးညီထုတ်လွှင့်ပေးခြင်း၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျေးရွာများအရောက် ဟောပြောဆွေးနွေးခြင်းနှင့် သဘာဝဘေးဖြစ်ပွားလာပါကအချိန်မီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင် ပြင်ဆင်စုဖွဲ့ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက သိရသည်။
အေဇာလင်း