တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အမှတ်စဉ်(၁/၂၀၂၅) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံ‌ပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အမှတ်(၁၇)စက်မှုလယ်ယာစခန်း၌ အမှတ်စဉ်(၁/၂၀၂၅)ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သည်နှင့်အညီ မိုးစပါး၊ နွေစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဆောင်ရွက်ရာတွင်  အထောက်အကူဖြစ်စေရန် ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ မိုးစပါး၊ နွေစပါးအထွက်နှုန်းများ တိုးတက်ရန်အတွက်  မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ရိတ်သိမ်းခြွေလှေ့စက်များ ပေါ်လာပြီးနောက်ပိုင်း တောင်သူများအနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များကို အားထားလာပါကြောင်း၊ ရိတ်သိမ်းချွေလှေ့စက်များ အသုံးပြုရာတွင် စက်မောင်းများကိုင်တွယ်ထိန်းသိမ်းမှုအားနည်းပါက စပါးအလေအလွင့်ရာခိုင်နှုန်းများသည်ကို တွေ့ရှိရသဖြင့် စနစ်တကျ မောင်းနှင်ထိန်းသိမ်းနိုင်‌ရေးအတွက် သင်တန်းများဖွင့်လှစ်ပို့ချ‌ပေးခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ မိုးစပါး၊ နွေစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးဆောင်ရွက်ရာတွင် စနစ်တကျစံပြလယ်ယာမြေနှင့် အဆင့်မြင့်လယ်ယာမြေစနစ်များကို ဖော်ဆောင်ကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှပို့ချချက်များကို လိုက်နာမှတ်သား၍ လက်တွေ့နယ်ပယ်တွင်လည်း ထိရောက်စွာ ပြန်လည်အသုံးချကြစေလိုကြောင်း”အမှာစကားပြောကြားသည်။

ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီးနောက် သင်တန်းကြီးကြပ်သူနှင့် နည်းပြဆရာများက မိတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းကို ယနေ့မှစ၍ နှစ်ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား(၃၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ သင်္ဃန်းဒေါင့်ကျေးရွာအုပ်စုနှင့် သံဒင်းကျေးရွာအုပ်စုရှိ  Beautiful ကုမ္ပဏီမှ မတည်လှူဒါန်း၍ ကျေးရွာ/သားများမှ စုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ခဲ့သည့် သရက်ပင်လှကျေးရွာ-စံနီကျေးရွာကျေးရွာချင်းဆက် သစ်သားတံတား တံတားအရှည် (၃၂၀)ပေ၊ တံတားအကျယ် (၁၀)ပေရှိ သစ်သားတံတားအားကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  ရေကြည်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး ကျောင်းအပ်နှံတက်ရောက်မှု၊ အေးချမ်း‌ပျော်ရွှင်စွာ ပညာသင်ကြားနေမှုများအား မေးမြန်းခဲ့ကာ ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ နတ်ကန်ကျေးရွာနှင့် ဘိုးထောင့်ကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူး(နတ်ကန်)တံတား တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းရှင်းလင်းဆောင်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ရန်နှင့် အရည်အသွေးပြည့်မီရေးကို အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ အဆိုပါတံတားသည်  သံကူကွန်ကရစ်ယက်မ+ကြမ်းခင်း၊ သံကူကွန်ကရစ်ကမ်းကပ်ခုံ၊ တံတားအရှည်(၃၀၀)ပေ၊ တံတားခန်းဖွဲ့စည်းပုံ(၆၀ပေ) ၅ ခန်း၊ တံတားအကျယ်ပေ(၂၀)ပေ၊ ရေလွတ်ကင်းလွတ်အမြင့်(၆)ပေ၊ ရေလမ်းကင်းလွတ်အကျယ်(၄၈)ပေ၊ ယာဉ်သွားလမ်းအကျယ်(၁၈)ပေ၊ လူသွားလမ်းအကျယ်တစ်ဖက်လျင်(၁)ပေစီ၊ ခွင့်ပြုယာဉ်အလေးချိန်(၃၆)တန်ရှိမည်ဖြစ်ပြီး ၎င်းတံတားပြီးစီးပါက ကျေးရွာ(၇၆)ရွာ၊ အိမ်ခြေ(၆၉၅၇)မှ လူဦးရေ(၂၇၀၁၄)ဦးအား အကျိုးရှိစေမည်ဖြစ်ပြီး လက်ရှိတွင် တံတားတစ်စင်းလုံးအနေဖြင့် (၈၃)ရာခိုင်နှုန်းပြီးစီပြီဖြစ်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ဧရာမင်းခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချလိုက်သည့် သင်ခန်းစာများကို စာတွေ့/လက်တွေ့သင်ကြားပြီး ကျင်းပမည့်ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်( MEVM) စက်များ ကိုင်တွယ်အသုံးပြုမည့် မဲရုံဝန်ထမ်းများအား ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရမည်ဖြစ်သည့်အတွက် စနစ်တကျသေသေချာချာ အလေးအနက်ထားလေ့လာသင်ယူမှတ်သားကြရန် မှာကြားခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့သွားရောက်‌၍ အထူးကြပ်မတ်ဆောင်၊ အမျိုးသားဆောင်၊ ကလေးလူနာဆောင်များတွင် ဆေးတက်ရောက်ကုသနေသည့် ပြည်သူများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်အားကစားခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယာယီနေရပ်စွန့်ခွာပြည်သူများတွင် တိုင်းဒေသကြီးအတွင်းနှင့် တိုင်းဒေသကြီးပြင်ပမှ လာရောက်ကြသည့် ပြည်သူများလည်းရှိပါကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများကလည်း လက်တွဲ ညီညီပူးပေါင်း  ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊  တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖြင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း” အားပေးစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ယာယီနေရပ်စွန့်ခွာဒေသများမှ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကိုလည်းကောင်း၊  ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တစ်ဦးလျင် ဆန်(၂)ပြည်နှုန်းဖြင့် စုစုပေါင်းဆန် (၃၂၄၄)ပြည်အားလည်းကောင်း  ထောက်ပံ့ပေးအပ်ခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ် အားကစားခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယာယီနေရပ်စွန့်ခွာပြည်သူများတွင် တိုင်းဒေသကြီးအတွင်းနှင့် တိုင်းဒေသကြီးပြင်ပမှ လာရောက်ကြသည့် ပြည်သူများလည်းရှိပါကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများကလည်း လက်တွဲ ညီညီပူးပေါင်း  ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊  တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖြင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း” အားပေးစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ယာယီနေရပ်စွန့်ခွာဒေသများမှ ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများကိုလည်းကောင်း၊  ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တစ်ဦးလျှင် ဆန်(၂)ပြည်နှုန်းဖြင့် စုစုပေါင်းဆန် (၃၂၄၄)ပြည်အားလည်းကောင်း  ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ် တတိယနေ့ပွဲစဉ်အဖြစ် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းနှင့် နေပြည်တော်ကောင်စီနယ်မြေကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်ပရိသတ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ ကွင်းအတွင်းနေရာယူမိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားသမားများအား တစ်ဦးချင်းလိုက်လံနုတ်ဆက်အားပေးခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်း အမျိုးသားအသင်းနှင့် နေပြည်တော်ကောင်စီနယ်မြေကိုယ်စားပြု အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများအား ဘားအံ၊ တောင်ကြီး၊ ပုသိမ်၊ ပဲခူး၊ ရန်ကုန်မြို့များတွင် ဇုန်အလိုက်ကျင်းပလျက်ရှိပြီး ပုသိမ်ဇုန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်‌မြေနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု အသင်းများယှဉ်ပြိုင်ကစားလျက်ရှိကာ ဇူလိုင်လ ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်‌မြေနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြုအသင်းများ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)