ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၇)ဦး ထပ်မံတွေ့ရှိ စုစုပေါင်းပိုးတွေ့ (၂၉၀)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၂၇၀)ဦးရှိ

ကျောက်တံခါး ဒီဇင်ဘာ ၁၆

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့ ည ၈ နာရီအချိန် ထုတ်ပြန် ချက်အရ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၇)ဦး ထပ်မံတွေ့ရှိ၍ ပိုးတွေ့လူနာ ပေါင်း(၂၉၀)ဦး ရှိပြီဖြစ်သည်။ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း (၂၇၀)ဦးဖြစ်​ပြီး လက်ရှိတွင် အထက (ကျောက်တံခါး) ဆေးကုသ ရေးစင်တာနှင့် တိုက်နယ်ဆေးရုံများတွင် စုစုပေါင်း(၂၀)ဦး ဆေးကုသမှုခံယူ နေကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်အတွင်းရှိ (FQ)များမှ ပြည်ပပြန် ရန်ကုန်ပြန်နှင့် Stay at Home သတ်မှတ်သည့် ဒေသများမှ ပြန်လာသည့် လူဦးရေ စုစုပေါင်း(၁၈၆)ဦးတို့အား ယခုလ ၁၄ ရက်က နှာ​ခေါင်းတို့ပတ်ရယူ၍ ဓါတ်ခွဲစစ်ဆေးခဲ့ရာ ၁၅ ရက်နေ့ ည ၈ နာရီအချိန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ချက် အရ ကိုဗစ်-၁၉ ပိုးတွေ့(၇)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါပိုးတွေ့ လူနာများမှာ ကျောက်တံခါးဒေသမှ ဒိုးတန်းရွာမှ (၁)ဦး၊ ကံကလေးရွာမှ (၁)ဦး အောင်မင်္ဂလာရွာမှ(၁)ဦး၊ ကွင်းနောက်ရပ်ကွက်မှ (၁)ဦး စုစုပေါင်း (၄)ဦး၊ ဖဒိုဒေသ ဆယ့်လေးရွာမှ(၁)ဦး၊ မှန်ချောင်းရွာမှ(၂)ဦး စုစုပေါင်းပိုးတွေ့(၇)ဦးဖြစ်ပြီး ၎င်းတို့အား အထက(ကျောက်တံခါး) ဆေးကုသရေး စင်တာတွင် (၄)ဦး၊ ဖဒိုတိုက်နယ်​ဆေးရုံတွင်(၃)ဦး ထားရှိကာ​ ဆေးကုသ​ပေးသွားမည်ဖြစ်​ကြောင်း သိရ သည်။
စန်းစန်း(ပြန်/ဆက်)