ရေဦးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာစာစီစာကုံးပြိုင်ပွဲကျင်းပ

ရေဦး ဇူလိုင် ၁၅

အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်းသိရှိပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား အတုယူလေးစားစေရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာ‌ပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်းက ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြာပြီး ပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် အခြေခံပညာအလယ်တန်းဆင့်(၂၀)ဦးနှင့် အထက်တန်းဆင့် (၁၈)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၈ ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ ၁ နာရီအချိန်တွင် အဆိုပါခန်းမ၌ ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲကိုကျင်းပရာ အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီးဒေါ်တိုးတိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ဆက်ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်းက အာဇာနည်နေ့ပေါ်ပေါက်လာပုံနှင့်ပတ်သက်၍ သိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်း‌မောင်က ‌စာ‌ပေဖတ်ရှုလေ့လာရေးနှင့် စာပေ၏အကျိုးကျေးဇူးကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။ ယင်းနောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆု(၁) အထူးဆု(၂)ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၎င်းနောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရပြောစကားများနှင့် အာဇာနည်ကိုးဦး၏ အထ္ထုပ္ပတ္တိအကျဉ်းချုပ်ပါ အသိပညာပေးပိုစတာများကို စိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းသန်း(ပြန်/ဆက်)