တောင်ငူ ဇူလိုင် ၁၅
သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန္၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ်(၉)ရပ်ကွက်၊ မင်္ဂလာသိမ်တော်ဦးကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ဦးစွာ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်မျိုးမြတ်မြတ်သင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့်တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများပေးအပ်သည်။ အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုသင်တန်းတွင်အသုံးပြုမည့် ဓါတုပစ္စည်းများသုံးစွဲပုံ၊ ဆပ်ပြာဆီအမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ မှန်ကြည်ဆေး၊ ဆပ်ပြာခရင်မ်၊ Body Scrub ပြုလုပ်နည်း၊ Packaging နှင့်ပတ်သက်သည့် သိကောင်းစရာတို့ကို ဇူလိုင် ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး မွမ်းမံသင်တန်းကိုလည်း ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်။
အဆိုပါသင်တန်းတွင် မြို့ပေါ်ရပ်ကွက်များမှ သင်တန်းသူ(၁၅)ဦး တက်ရောက်သင်ကြားလျက်ရှိကာ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူ(၅)ဦးအား သတ်မှတ်ချက်များနဲ့အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ်(၁၄)သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)