သာပေါင်း ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင်ကိုင်တွယ် အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိဒေါ်မေသူဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေး လေ့လာခဲ့ကြသည်။ ထို့နောက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင်ကိုင်တွယ် အသုံးပြုနည်းသင်တန်းကို သင်တန်းနည်းပြ(၁၂)ဦးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တည်ဆောက်ပုံနှင့် စက်တပ်ဆင်ခြင်း၊ စမ်းသပ်မဲပေးခြင်း၊ ဖြန့်ခွဲခြင်း၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုတ်ပိုးသိမ်းဆည်းပုံများအား လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်ကျေးရွာစာရေး (၈၆၄)ဦးတို့ကို (ဇူလိုင်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့)အထိ တစ်ကြိမ်လျင် သင်တန်းသား၊ သင်တန်းသူ(၁၂၀)ဦး သင်တန်းကာလ(၂)ရက်ဖြင့် (၈)ကြိမ် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး(ပြန်/ဆက်)