ပန်းတောင်းမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ပန်းတောင်း ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျင်းပသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ အချိန်က တောင်ဘွေကျေးရွာအုပ်စု၊ တောင်ဘွေကျေးရွာ၊ အမှတ်(၉၂) ခြေလျင် တပ်ရင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် ဘက်စုံသုံးအဝတ်လျှော်၊ လျှော်မွေး၊ ရေချိုးဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲအမျိုးမျိုးထုတ်လုပ်နည်းတို့ကို စာတွေ့လက် တွေ့(၅)ရက်ကြာ သင်ကြားပို့ချပေးခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲအခမ်းအနားတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးမှ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးဖြိုးသူစိုးမှ သင်တန်းသူများအား သင်တန်းထွက်ကုန်ချောပစ္စည်းများပေးအပ်ခဲ့သည်။ ဆက်လက်၍ သင် တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)