ကျုံပျော် ဇူလိုင် ၁၅
လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်သဖြင့် မဲပေးစက်များကို လက်တွေ့ကိုင်တွယ်အသုံးပြုကြမည့် မဲရုံအဖွဲ့ဝင်များကျွမ်းကျင်စွာ တပ်ဆင်ကိုင်တွယ်အသုံးပြု နိုင်ရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ခန်းစာများအား ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နိုင်ရေး ကြိုးစားသင်ယူသွားရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သက်မြတ်စိုးက မဲပေးစက်တပ်ဆင်ကိုင်တွယ် အသုံးပြုနည်းအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြု၍ လက်တွေ့သရုပ်ပြခြင်းနှင့် စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသင်တန်းကို ဇူလိုင်လ ၁၄ ရက်နေ့မှ ဩဂုတ်လ ၂ ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီး၊ သင်တန်းနည်းပြ (၁၅)ဦးတို့က သင်တန်းသား (၉၇၂) ဦးအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ် အသုံးပြုနည်းအား မနက်(၈)နာရီမှ ညနေ (၅)နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)