သံတောင်ကြီး ဇူလိုင် ၁၅
ကရင်ပြည်နယ် သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများ မှာ အသက်မွေးဝမ်းကျောင်းအဖြစ် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်သီးနှံများကို အဓိက စိုက်ပျိုးလုပ်ကိုင်သည်သာမက နှစ်တိုသီးနှံပင်များကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နနွင်းစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
နနွင်းများသည်နွေရာသီတွင်စတင်တူးဖော်ပြီး အစိုလိုက်သော်လည်းကောင်း၊ အခြောက်ခံ၍ လည်းကောင်း ရောင်းချသည်။ ယခုအချိန်တွင် နနွင်းစိုက်တောင်သူများမှာ သိုလှောင်ထားသည့် နနွင်းခြောက်များကို အမှုန့်ကြိတ်ရောင်းချရာ သံတောင်ကြီးဒေသထွက် သဘာဝစစ်စစ် နနွင်းမှုန့်များမှာ ဆေးဖက်ဝင်သည့်အတွက် တစ်ပိဿာလျှင် ကျပ်၂၀၀၀၀အထိ ရရှိကြောင်း နနွင်းမှုန့် ထုတ်လုပ်ရောင်းချသူ နော်တောနော်ထံက သိရသည်။
သံတောင်ကြီးဒေသထွက် သဘာဝနနွင်းမှုန်စစ်စစ်သာမက ပျားရည်၊ ပန်းခါးမှုန့်များနှင့်ရောကာ နနွင်းလုံးများပြုကာ ဆေးဝါးအဖြစ် သံတောင်ကြီးမြို့ပေါ်သာမက၊ တောင်ငူ၊ ရန်ကုန်နှင့် အခြားမြို့များအထိ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
နော်နော်မူ