အိမ်မဲမြို့နယ် အ.လ.က လက်ပံကုန်းကျောင်းတွင် လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

အိမ်မဲ ဇူလိုင် ၁၅

လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို လက်ပံကုန်းကျေးရွာ အ.လ.က လက်ပံကုန်းကျောင်း၌ ယမန်နေ့မွန်းလွဲ (၂)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ၌ “ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့စကားအတိုင်း နိုင်ငံရဲ့အနာဂတ်ကို ပခုံးပြောင်း တာဝန် ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေနဲ့ ဗလငါးတန်ပြည့်စုံပြီး အသိပညာ ဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆို တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူငယ်များနားထောင်ပြီး အသိပညာဗဟုသုတများ ရရှိ၍ အပြန်အလှန် ဖလှယ်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက်”လူငယ်စကားဝိုင်းကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့် အတူ Grade-8 မှ မောင်​သော်မင်းခန့်က “လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်” ခေါင်းစဥ် Grade-8 မှ မောင်ကောင်းခန့်ကိုကိုက “လူငယ်နှင့် အီးစီးကရက် အန္တရာယ်”၊Grade-8 မှ မနဝရတ်က  “လူငယ်နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး”ခေါင်းစဥ်၊ Grade-8 မှ မဇူလိုင်မိုးက “လူငယ်နှင့် စာပေဖတ်ရှုခြင်း”ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးပြီး အခမ်းအနားတက်ရောက်လာသူများအား မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ သုတရသရရှိစေမည့် စာအုပ်စာစောင်များ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့သည်။

ချစ်သက်လယ်