တောင်ငူ ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ရေကြီးမှု ဖြစ်ပေါ်လာပါက ဘေးကင်းလုံခြုံရာနေရာသို့ အချိန်နှင့်တပြေးညီ ကြိုတင်ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ထားမှုတို့ကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးသည်။
တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်သည် (၆၀၀) စင်တီမီတာဖြစ်ပြီး ယနေ့၊ နေ့လယ် (၁၂) နာရီခွဲအချိန်တွင် စိုးရိမ်ရေအမှတ် (၅၉၅) စင်တီမီတာသို့ ရောက်ရှိလျက်ရှိကြောင်း ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ တောင်ငူမြို့၊ အမှတ် (၈)၊ (၉)၊ (၁၀) ရပ်ကွက်ရှိ မြေနိမ့်ပိုင်းများတွင် စစ်တောင်းမြစ်ရေဝင်ရောက်လျက်ရှိကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် အဖွဲ့ဝင်များ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ် (၆၀၀) နှင့် (၆၅၀) စင်တီမီတာ ရောက်ရှိ၍ မြစ်ရေကြီးမှုဖြစ်ပေါ်လာပါက ရေဘေးသင့်ပြည်သူများအား ဘေးကင်းလုံခြုံရာ ကုန်းမြင့်ပိုင်းရှိ ကယ်ဆယ်ရေစခန်းများသို့ အချိန်နှင့်တပြေးညီ ကြိုတင်ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ထားမှုတို့ကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို