နတ်မောက် ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လှိုင်မိုးဝေက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး သဘာဝဘေးအန္တရာယ်(၉)ခုရှိကြောင်း၊ မိုးကြိုးဘေးအန္တရာယ် အသိပညာပေးအကြောင်းအရာများ၊ မုန်တိုင်းဘေးနှင့်ပတ်သက်သည့် အရောင်(၅)မျိုးအကြောင်း၊ မိုးတွင်းကာလတွင် သတိထားနေထိုင်သင့်သည့်အကြောင်းအရာများ၊ မိုးလေဝသသတိပေးအချက်အလက်များကို နားထောင်၍ မိသားစုဝင်များနှင့် အနီးအနားရှိ ပြည်သူများအား အသိပေးလိုက်နာနေထိုင်ကြရန်၊ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက စည်းစည်းလုံးလုံး စုပေါင်းဝိုင်းဝန်းဆောင်ရွက်တတ်စေရန်စသည့် အကြောင်းအရာများကို ကျောင်းသား/ သူများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာကြသည့် ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း