ကျိုက်လတ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တပ်ဆင် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ကျိုက်လတ် ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားကို တက်ရောက်လာကြသည့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့အပါအဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေးဝန်ထမ်းများ၊ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များက မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့မဲပေးခြင်းအား လေ့လာခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တပ်ဆင်ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို သင်တန်းနည်းပြဆရာများမှ အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ် မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ မဲရုံတွင် မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များ ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန်အခြေအနေ၊ မဲရေတွက်ခြင်း၊ မဲပေးနေစဉ်အတွင်း  အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆန္ဒမဲဖြတ်ပိုင်းများ ရေတွက်ရမည့်အခြေအနေ စသည့်အကြောင်းအရာများကို (၁၄-၇-၂၀၂၅) ရက်နေ့မှ (၂-၈-၂၀၂၅)  ရက်နေ့အထိ သင်တန်းကာလ (၂၅) ရက်ကြာ စာတွေ့/လက်တွေ့ စနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)