မအူပင်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်း သင်တန်းအမှတ်စဉ် ၁/၂ဝ၂၅ ဖွင့်ပွဲကျင်းပ

မအူပင် ဇူလိုင် ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအား ယနေ့နံနက် (၉) နာရီ (၃၀) မိနစ်က မအူပင်မြို့တိုးရွှေဝါခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုအဆင့်သင့်ဖြစ်အောင် ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်း၌ ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲတွင် မဲပေးစက် (MEVM) အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိသဖြင့် (MEVM) စက်များ ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုတတ်စေရေးဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း (MEVM) စက်ကိုင်တွယ်သူသည် ယခင်မဲရုံများ၌ မဲလက်မှတ်ထုတ်ပေးသည့် မဲရုံဝန်ထမ်းနေရာတွင် အစားထိုးတာဝန်ပေးအပ်သည့် ဝန်ထမ်းများဖြစ်ကြောင်း မြန်မာနိုင်ငံတွင် မဲပေးစက်ဖြင့် မဲပေးခြင်းအား ပထမဆုံးအကြိမ် စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ (MEVM) စက်များကို မြန်မာပညာရှင်များက စမ်းသပ်တီထွင် ထုတ်လုပ်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများကို ရှင်းလင်းပြသလက်တွေ့စမ်းသပ်မှုဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ သင်တန်းအား တစ်ကြိမ်လျှင် (၂) ရက်နှုန်းဖြင့် မြို့နယ်အလိုက် မဲရုံများတွင်မဲပေးစက် ကိုင်တွယ်မည့်ဝန်ထမ်းများအား ဆက်လက်လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ ခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးနမျိုးက မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

 ယင်းနောက် တက်ရောက်လာသူများမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြမဲပေးဆောင်ရွက် နေမှုများအားလှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများမှ လုပ်ဆာင်မှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ပုံနည်းလမ်းများ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုတ်ပိုးသိမ်းဆည်းပုံများအား လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပေးသွားမည်ဖြစ်ပြီး မအူပင်မြို့နယ်အတွင်းရှိ မဲရုံများတွင် မဲပေးစက် ကိုင်တွယ်မည့် မဲရုံအဖွဲ့ဝင်သင်တန်းသား၊ သင်တန်းသူ (၁၄၂) ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂) ရက်တာကာလဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ်