ချောက် ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနားရပ်ကွက်ရှိ လူနေအိမ်များတွင်မြစ်ရေများ ဝင်ရောက်လျက်ရှိပြီး ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ချောက်မြို့၏ ဧရာဝတီမြစ် ရေမှတ်သည်စိုးရိမ်ရေမှတ် ၁၄၅၀ စင်တီမီတာ (၄၇ ဒသမ၅၄ ပေ)သို့ ရောက်ရှိရန် ၃၀ စင်တီမီတာ(၁ပေ)ခန့်လိုကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါမြစ်ရေသည် ချောက်မြို့၊ မြို့ပေါ်မြစ်ကမ်းနား အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၇)၊ အမှတ်(၈)ရပ်ကွက်များရှိ လူနေအိမ်များအတွင်းသို့ သိသာစွာ ဝင်ရောက်မြင့်တက်လာခဲ့သည်။ ဧရာဝတီမြစ်ရေသည် ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ၁၄၂၀ စင်တီမီတာ(၄၆ဒသမ၅၅ပေ)သို့ ရောက်ရှိကာ စိုးရိမ်ရေမှတ် ၁၄၅၀ စင်တီမီတာရောက်ရှိရန် ၃၀ စင်တီမီတာ(၁ပေ) သာလို တော့ကြောင်းနှင့် နောက် ၂ ရက်အတွင်း ချောက်မြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မြစ်ရေသည် တဖြည်းဖြည်း တက်လာပြီး စိုးရိမ်ရေမှတ်ရောက်ရှိရန် နီးကပ်လာပြီဖြစ်၍ မြစ်ရေကြီးမှုသတိပေးချက်များအား မြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များမှလည်း အသိပေး၊ သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)