ပွင့်ဖြူ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးကြိုကာလ၌ စိုက်ပျိုးထားသော မိုးကြိုပဲတီစိမ်း ၃၁၀၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၉ ဒသမ ၁၂ တင်း ထွက်ရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးကြိုကာလ၌ မိုးကြိုပဲတီစိမ်း ၆၃၉၁ ဧကထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါစိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများကို ယခုနှစ် ဇူလိုင်လ ပထမပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့ထိ ၃၁၀၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၉ ဒသမ ၁၂ တင်း ထွက်ရှိကြောင်း သိရသည်။
"ဒီနှစ် မိုးကြိုကာလမှာ ပွင့်ဖြူမြို့နယ်အတွင်း မိုးကြိုပဲတီစိမ်း ၆၃၉၁ ဧကထိ စိုက်ပျိုးထားပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ ပဲတီစိမ်းစိုက်ခင်းတွေကို ဇူလိုင်လပထမပတ်ကစပြီး ရိတ်သိမ်းနေကြပါတယ်။ ဒီနေ့ထိဧက ၃၁၀၀ ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ပါတယ်။ ပဲတီစိမ်းစိုက်ပျိုးမှုနဲ့ပတ်သက်ပြီး တိုးချဲ့စိုက်ပျိုးကြဖို့၊ ဒေသနဲ့ကိုက်ညီတဲ့ အထွက်နှုန်းကောင်းမျိုးတွေကို စိုက်ပျိုးကြဖို့ ပညာပေးတာတွေ ဆောင်ရွက်ပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပဲတီစိမ်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်နည်းစနစ်များမှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ မြေဩဇာနှင့် စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ သီးနှံအချိန်မီ ရိတ်သိမ်းနိုင်ရေးနှင့်ရိတ်သိမ်းပြီး သီးနှံများအရည်အသွေး ကောင်းမွန်အောင် စနစ်တကျ သိုလှောင်သိမ်းဆည်းရေး စသည့် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲတီစိမ်းကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားလာမည်ဖြစ်သောကြောင့် ပဲတီစိမ်းကိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)